Myanmar! ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလို တို့နှင့်အတူ ဖမ်းဆီးရမိ, အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၆၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးနှင့် ဂျပန်နိုင်ငံသား ၁ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး, အွန်လိုင်းငွေလိမ်ရန် အခိုင်းခံရသူများ ထိုင်း-မြန်မာ နယ်စပ်တွင် သောင်တင်, ပဋိပက္ခတွင်း အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုသည် စစ်ရာဇဝတ်မှုဟု အမျိုးသမီးအဖွဲ့ ၂၅ ဖွဲ့ ထုတ်ပြန်, မြဝတီ ကျားဖြန့်မှ တရုတ်နိုင်ငံသား ၁၄၀၀ ကျော် BGF ထပ်လွှဲမည်, မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်သည့် ပြည်ပနိုင်ငံသားဦးရေ ၂၅၀ ထပ်မံထိန်းသိမ်းခဲ့ပြီး မတ် ၇ ရက်အထိ ထိန်းသိမ်းခဲ့သူစုစုပေါင်း ၄၅၉၂ ဦးရှိ, မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ တို့တွင် တစ်ပတ်အတွင်း အမျိုးသမီး လေးဦး သတ်ဖြတ်ခံရ, ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်သည့် ကျပ် ၂၅ ဒသမ ၅၈ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၄၈၀၊ အလေးချိန် ၁၆၈ ကီလိုအား ပဲခူးနှင့် ရန်ကုန်တိုင်းတို့တွင် ဖမ်းဆီးရမိ, ■ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရ ■မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာသည့် ယာဉ်မောင်းမှ ထွက်ပြေး 2025.3.4-3.18

2025.3.18 အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၆၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးနှင့် ဂျပန်နိုင်ငံသား ၁ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး
အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၆၉ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးနှင့် ဂျပန်နိုင်ငံသား ၁ ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၂၄၂ ဦး ထပ်မံ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ မင်းလက်ပံနှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို စစ်ဆေးဖော်ထုတ်၍ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိရာ ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံသား ၁၆၉ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးနှင့် ဂျပန်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၁၈၉ ဦးတို့အား မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာ ထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့အပ်ပြီး ပြည်ပနိုင်ငံသား ၂၄၂ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးမှု လုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လိုက်လံကြည့်ရှု စစ်ဆေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးမှ ကောင်စစ်ဝန် Mr.Md.Fahad.Pervez. Bosunia နှင့် တာဝန်ရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံသားကာကွယ်ရေးနှင့် ကယ်ဆယ်ရေးဌာန၊ ညွှန်ကြားရေးမှူး Mr.Judha Nugraha နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ First Secretary Naoto Watanabe နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူထံသို့ ပြည်နှင် လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်း ပေးအပ်သည်။
ထို့အတူ မြဝတီမြို့၊ KK Park နယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက် နေကြသည့် တရုတ်နိုင်ငံသား ၁၈၀ ဦးနှင့် အီသီယိုးပီးယားနိုင်ငံသား ၆၂ ဦးတို့ကို ယနေ့တွင် ထပ်မံ စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၁၈ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၇၁၀၇ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၄၁၉၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၉၁၆ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
အဆိုပါထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား ၇၁၀၇ ဦးသည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂါန်ဒါ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ သီရိလင်္ကာ၊ တောင်အာဖရိက၊ တူနီးရှား၊ အယ်ဂျီးရီးယား၊ ကွန်ဂို၊ ကင်မရွန်နှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြကြောင်း သတင်းရရှိသည်။

2025.3.18 ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလို တို့နှင့်အတူ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၆ ရက်နေ့ ည ၇ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ်(၅၄၆/၅၄၇)ရှိ ဂိုဒေါင်အား သတင်းအရဝင်ရောက်ရှာဖွေရာ သန်းလွင်၊ ဝေယျာအောင် (ခ)သားကြီး၊ သန့်ကောင်းဆက်(ခ)ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး(ခ)ရာကွတ် တို့ ၅ ဦး အား အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ TOYOTA HILUX ယာဉ်(၁)စီး၊ TOYOTA LAND CRUISER ယာဉ်(၁)စီး နှင့် MERCEDES BENZ ယာဉ် (၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့တွင်နေထိုင်သူ တင်မောင်ဝင်း ၏ အစီအမံဖြင့် သန်းလွင် မှ တာဝန်ခံ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ပြီး သန်းလွင် ထံမှ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန် မြို့တွင် တစ်ဆင့်ပြန်လည်ရောင်းချသူ ဟိန်းစည်သူ(ခ)ဇော်ဇော်အောင်(ခ)အောင်ကိုကို(ခ) ထင်လင်းပြည့် အား သာကေတမြို့နယ်၊ ရှုခင်းသာလမ်းတွင်လည်းကောင်း၊ စိတ်ပြောင်းဆေးဝါးများအား တစ်ဆင့် ပြန်လည်ရောင်းချရန် ချိတ်ဆက်ပေးသူ တင်လှ(ခ)စသစ် အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၀၄)ရပ်ကွက်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။
သတင်းကွင်းဆက်အရ မတ်လ ၆ ရက်နေ့ ည ၉ နာရီခွဲအချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးတွင် ကျော်ကျော်သိန်း(ခ)ကျော်ကျော်(ခ)အသေးလေး မောင်းနှင် လာသည့် HYUNDAI BOX ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၆၅ တန် နှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ စိတ်ပြောင်းဆေးဝါးများကို မလေးရှားပင်လယ်ရေပြင်သို့ ချိတ်ဆက်ပို့ဆောင်ရောင်းချရန် စီမံခန့်ခွဲ သူမှာ AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ)ကျော်စိုးလင်း နှင့် ၎င်း၏ဇနီးဖြစ်သူ ရွှေကောင်းသာ စက်လှေ ပိုင်ရှင် မသီတာမြင့် တို့ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် မူးယစ်ဆေးဝါးများလက်ခံ၍ ရွှေကောင်းသာ စက်လှေဖြင့် မလေးရှားပင်လယ်ပြင်သို့ တာဝန်ခံပို့ဆောင်သူ မင်းမင်းစိုး အား ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မူးယစ်ဆေးဝါးများအား မလေးရှားပင်လယ်ပြင်သို့ ရွှေကောင်းသာ စက်လှေဖြင့် တင်ပို့ခဲ့ကြောင်းနှင့် မလေးရှားသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ရာတွင် ဦးစီးလုပ်ကိုင်သူ မျိုးမင်းစိုး(ခ)ကိုမျိုးအား မြောက်ဉက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးတွင် CELSIOR ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းနေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရပ်ကွက်ရှိ နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁ တန် ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စိတ်ပြောင်းဆေးဝါးများအား မလေးရှားပင်လယ်ပြင်သို့ ရွှေကောင်းသာ စက်လှေဖြင့် သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် ကျော်ဝေထွန်း၊ သိန်းထွန်း(ခ)သန့်ဇင်၊ ရန်ရှင်းအောင် နှင့် ဇော်ဇော်အောင် တို့အား ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါအပိုင်း(၄)ရပ်ကွက်၌ ရွှေကောင်းသာ စက်လှေနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၉၆ ဒသမ ၆၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ ဒသမ ၄၆၅ တန်နှင့် ကက်တမင်း ၂၀၀ ကီလို တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊
AA စီးပွားရေးတာဝန်ခံ ရဲဝင်း(ခ) ကျော်စိုးလင်း နှင့် ၎င်း၏ဇနီး မသီတာမြင့် တို့သည် တန့်ယန်း၊ တောင်ကြီး၊ မန္တလေး နှင့် ရန်ကုန်မြို့တို့တွင် မော်တော်ယာဉ်ဂိတ်များဖွင့်လှစ်၍ ၎င်းတို့ပိုင် ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီးဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

2025.3.12 အွန်လိုင်းငွေလိမ်ရန် အခိုင်းခံရသူများ ထိုင်း-မြန်မာ နယ်စပ်တွင် သောင်တင်
မြဝတီမြို့နယ်ရှိ KKPark မှ ကယ်ထုတ်လာသူများအား ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်/AFP

တကမ္ဘာလုံးရှိ နိုင်ငံများမှ ဖျားနာ၊ ပင်ပန်းနွမ်းနယ်၊ ကြောက်လန့်နေသော အမျိုးသား၊ အမျိုးသမီးငယ်များ ပုခုံးချင်းထိကာ အတန်းလိုက် ဆောင့်ကြောင့်ထိုင်နေကြပြီး ၎င်းတို့၏ ပါးစပ်များ၊ မျက်လုံးများကို ဖုံးကွယ်ရန် မျက်နှာဖုံးများ ဝတ်ဆင်ထားကြသည်။

သူတို့၏ အိပ်မက်ဆိုးများသည် ပြီးဆုံးသွားပြီဟု ယူဆရသည်။

လွန်ခဲ့သောလတွင် ထိုင်း၊ တရုတ်နှင့် မြန်မာ အာဏာပိုင်များက ပြုလုပ်သော အလွန်ထူးခြားပြီး လူသိရှင်ကြား ဖြစ်သည့် စစ်ဆင်ရေးသည် မြန်မာမှ ပိတ်ဆို့ထားသော ခြံဝန်းများမှ လူ ၇,၀၀၀ ကျော်ကို လွတ်မြောက်စေခဲ့သည်။ ထိုခြံဝင်းများတွင် ၎င်းတို့သည် အမေရိကန်နှင့် အခြားနိုင်ငံသားများ၏ စုဆောင်းငွေများကို လိမ်လည်ရန် အတင်းအကျပ် စေခိုင်းခံရသည်။

ထိုခြံဝင်းများမှ လွတ်မြောက်လာသူများသည် နောက်တကြိမ် ထပ်မံပိတ်မိနေသည်။ ယခုတကြိမ်တွင်မူ ၎င်းတို့သည် ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ပြီး အစားအသောက် အကန့်အသတ်ဖြင့်သာ စားရကာ မည်သည့်အချိန်တွင် ပြန်ပို့ခံရမည်ကို မသိရဘဲ လူပြည့်ကျပ်နေသည့် အဆောက်အအုံများတွင် ပိတ်မိနေခြင်းဖြစ်သည်။

သို့သော် ထိုခြံဝင်းများမှ လွတ်မြောက်လာသူများသည် နောက်တကြိမ် ထပ်မံပိတ်မိနေသည်။ ယခုတကြိမ်တွင်မူ ၎င်းတို့သည် ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့ပြီး အစားအသောက် အကန့်အသတ်ဖြင့်သာ စားရကာ မည်သည့်အချိန်တွင် ပြန်ပို့ခံရမည်ကို မသိရဘဲ လူပြည့်ကျပ်နေသည့် အဆောက်အအုံများတွင် ပိတ်မိနေခြင်းဖြစ်သည်။

သူ့ကို ထိန်းသိမ်းထားသည့် အဆောက်အအုံတွင် လူ ၈၀၀ ခန့်ကို ပိတ်လှောင်ထားပြီး ညစ်ပတ်‌သော အိမ်သာ ၁၀ လုံးကို မျှဝေသုံးစွဲနေရကြောင်း အိန္ဒိယမှ လူငယ်တဦးက ပြောသည်။ ထိုနေရာမှ လူအများအပြားသည် ဖျားနာပြီး ချောင်းဆိုးနေကြောင်း ၎င်းက ပြောသည်။ AP သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့သော ကျွန်ပြုခံရသည့် ငွေလိမ်သူဟောင်းများ အားလုံးကဲ့သို့ပင် သူသည်လည်း လုံခြုံရေးစိုးရိမ်သောကြောင့် အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

“ကျနော်တို့ ဒီမှာ ကျန်းမာရေး ပြဿနာတွေကြောင့် သေရင် ဘယ်သူ့မှာ တာဝန်ရှိလဲ” ဟု ၎င်းက မေးသည်။

ထိုလွတ်မြောက်လာသူများကို ထိန်းသိမ်းထားသည့် လက်နက်ကိုင်အုပ်စုနှင့် နယ်စပ်တဖက်မှ ထိုင်းအရာရှိများက ၎င်းတို့သည် ထိန်းသိမ်းခံထားရသူများ၏ မိခင်နိုင်ငံ အစိုးရများ၏ အရေးယူဆောင်ရွက်မှုကို စောင့်ဆိုင်းနေကြောင်း ပြောသည်။

ထိုကိစ္စသည် ခေတ်သစ်သမိုင်းတွင် အတင်းအကျပ် လုပ်အားစေခိုင်းခံရသူများကို အကြီးမားဆုံး ကယ်တင်မှုများအနက် တခုဖြစ်သော်လည်း ဆိုက်ဘာ ငွေလိမ်လုပ်ငန်းကို ဖြိုခွဲသည့် အဓိကကျသော ပထမဆုံး အားထုတ်မှုသည် ကြီးထွားနေသည့် လူသားချင်းစာနာမှု အကျပ်အတည်းအဖြစ် ပြောင်းလဲနေကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

ထိုလွတ်မြောက်လာသူများသည် ဒေသတခွင်မှ အလားတူ ငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် လူ ၃ သိန်းအနက် အနည်းငယ်မျှသာဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စု ငြိမ်ချမ်းရေး အင်စတီကျု (USIP) ၏ ခန့်မှန်းချက်အရ သိရသည်။

ယခုထက် များစွာ ပိုမိုကျယ်ပြန့်သည့် အရေးယူမှု မလုပ်ပါက ထိုတရားမဝင် ‌ငွေလိမ်ဂိုဏ်းများကို စီမံသည့် ကွန်ရက်များသည် ဆက်လက် လည်ပတ်နေမည်ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် သုတေသီများက ပြောသည်။

ထိုပိတ်မိနေသူများအနက် အချို့သည် ပညာတတ်များဖြစ်ပြီး အင်္ဂလိပ်စကား ကျွမ်းကျင်ကာ အကျိုးအမြတ်များသည့် ရုံးအလုပ်များဖြင့် ထိုင်းနိုင်ငံသို့ ဖြားယောင်းခေါ်ဆောင်ခံရပြီး ၎င်းတို့ကို အဆောက်အအုံများတွင် သော့ခတ်ထားသည်။ ထိုအဆောက်အအုံများတွင် သူတို့သည် ကွန်ပျူတာများရှေ့၌ တနေ့လျှင် ၁၆ နာရီအထိထိုင်ပြီး ငွေလိမ်ရန် အတင်းအကျပ် စေခိုင်းခံရသည်ဟု ပြောသည်။ ထိုသို့လုပ်ရန် ငြင်းဆန်ပါက ရိုက်နှက်ခြင်း၊ အငတ်ထားခြင်းနှင့် လျှပ်စစ်ရှော့တိုက်ခြင်းများ အလုပ်ခံရသည်။

“နိုင်ငံကူးလက်မှတ်ကို သိမ်းထားပြီး အပြင်ထွက်လို့ မရဘူး။ အရာရာဟာ ငရဲလိုပဲ။ အရှင်လတ်လတ် ငရဲကျတာ” ဟု ပိတ်မိနေသော ပါကစ္စတန် နိုင်ငံသားတဦးက AP သတင်းဌာသို့ပြောသည်။

ခြံဝင်းများမှ စီမံသည့် ဆိုက်ဘာ ငွေလိမ်လုပ်ငန်းများသည် ကပ်ရောဂါအတွင်း ထွန်းကားလာပြီး ကမ္ဘာတဝန်းမှ ပြည်သူများကို ပစ်မှတ်ထားသည်။ ထိုရာဇဝတ်လုပ်ငန်း ပျံ့နှံ့ခြင်းကို အစိုးရက အရေးယူဆောင်ရွက်မှု အနည်းဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ်က အာရှဒေသတခုတည်းတွင်ပင် ဒေါ်လာ ၁၈ ဘီလီယံမှ ၃၇ ဘီလီယံအထိ ဆုံးရှုံးကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ခန့်မှန်းသည်။

ခြံဝင်းများမှ စီမံသည့် ဆိုက်ဘာ ငွေလိမ်လုပ်ငန်းများသည် ကပ်ရောဂါအတွင်း ထွန်းကားလာပြီး ကမ္ဘာတဝန်းမှ ပြည်သူများကို ပစ်မှတ်ထားသည်။ ထိုရာဇဝတ်လုပ်ငန်း ပျံ့နှံ့ခြင်းကို အစိုးရက အရေးယူဆောင်ရွက်မှု အနည်းဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ်က အာရှဒေသတခုတည်းတွင်ပင် ဒေါ်လာ ၁၈ ဘီလီယံမှ ၃၇ ဘီလီယံအထိ ဆုံးရှုံးကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ခန့်မှန်းသည်။

တရုတ်လူငယ် ရုပ်ရှင်သရုပ်ဆောင်တဦးကို ထိုင်းတွင် သရုပ်ဆောင်အလုပ်ပေးမည်ဟု ကတိပြုသူများက မြန်မာသို့ လူကုန်ကူးပြီးနောက် ထိုလုပ်ငန်းများကို နှိမ်နင်းရန် တရုတ်က ယခုနှစ်တွင် ဒေသတွင်းအစိုးရများကို စတင် တွန်းအားပေးသည်။ သူ၏ချစ်သူက အင်တာနက်တွင် လျင်မြန်စွာ ပျံ့နှံ့သွားသည့် လူမှုကွန်ရက်လှုပ်ရှားမှုကို ဦးဆောင်သောကြောင့် အဆိုပါ သရုပ်ဆောင် ပြန်လည် လွတ်မြောက်လာသည်။

ထိုကယ်ဆယ်မှု နောက်ပိုင်းတွင် တရုတ်အစိုးရအဆင့်မြင့် အရာရှိတဦးက ထိုင်းနှင့် မြန်မာ နိုင်ငံများသို့ သွားရောက်ပြီး ငွေလိမ်လုပ်ငန်းများကို အဆုံးသတ်ရန် တောင်းဆိုသည်။ တုံ့ပြန်သောအားဖြင့် ထိုင်းက မြန်မာနယ်စပ်မြို့ ငါးမြို့ကို လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့် လောင်စာ ဖြတ်တောက်လိုက်သည်။

မြဝတီမြို့နယ်ရှိ KKPark မှ ကယ်ထုတ်လာသူများအား ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်/AFP
ထို့နောက် မကြာမီ မြန်မာနိုင်ငံမှ ထိုဒေသကို အုပ်ချုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သော ကရင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) က ပိတ်မိနေသည့် ငွေလိမ်သူအချို့ကို နေရပ်ပြန်လိုသလားဟု မေးပြီး ၎င်းတို့၏ခြံဝင်းများမှ စောင့်ကြပ် ခေါ်ထုတ်လာသည်။

ပြန်လည် လွတ်မြောက်လာသူ အရေအတွက်သည် ထောင်နှင့်ချီ ဖြစ်လာသောအခါ ယခင်က ကျွန်ပြုခံနေရသည့် ငွေလိမ်သူများသည် လွတ်လပ်မှု မရှိသည့်အပြင် ကျဉ်းမြောင်းသော မြစ်ငယ်တခုသာခြားသည့် နေရာ၌ မည်သည့်အချိန် လွတ်မည်မှန်းမသိဘဲ ဖမ်းဆီးထိန်းသိမ်းရေး စခန်းများတွင် ပိတ်မိနေကြောင်း တွေ့ရသည်။

အများစုကို ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က ထိန်းချုပ်ထားသည့် စစ်စခန်းများတွင်ဖြစ်စေ၊ ပြန်လည် ပြင်ဆင်ထားသည့် ငွေလိမ်ခြံဝင်းများတွင်ဖြစ်စေ ထိန်းသိမ်းထားပြီး အများအပြားသည် ထိုနေရာများတွင် ဖေဖော်ဝါရီလ အစောပိုင်းကပင် စတင် ထိန်းသိမ်းခံနေရသူများ ဖြစ်သည်။

အမျိုးသားများနှင့် အမျိုးသမီးများသည် တကိုယ်ရည် ကျန်းမာရေးအတွက် မသင့်လျော်သည့် အခြေအနေများကို ရင်ဆိုင်ရပြီး ကြမ်းပြင်တွင်အိပ်ကာ ၎င်းတို့ကို ထိန်းသိမ်းထားသူများက ပေးသည့်အရာကို စားကြရသည်။ ထိုအဆောက်အအုံများတွင် လူ ၇,၀၀၀ ကျော်ကို ကျပ်တည်းစွာ ထားရပြီး တရုတ်က ၎င်းတို့နိုင်ငံသားများကို ဘတ်စ်ကားဖြင့် နယ်စပ်ဖြတ်ကျော်ကာ လေယာဉ်ခရီးစဉ်အတွက် စတင်ပို့ဆောင်ပေးသည်ဟု BGF က ပြောသည်။

AP သတင်းဌာနက သီးသန့်ရရှိသည့် ဓာတ်ပုံများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ မျှော်လင့်ချက် ကင်းမဲ့မှုကို မီးမောင်းထိုးပြနေသည်။ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများကို အများအားဖြင့် တဦးလျှင် နှစ်ခုစီ ဝတ်ဆင်ထားပြီး မျက်လုံးများ၊ နှာခေါင်းများနှင့် ပါးစပ်များကို ဖုံးကွယ်ထားကာ လက်နက်ကိုင် အစောင့်များ စောင့်ကြည့်နေသည့်အောက်တွင် တိုးဝှေ့နေထိုင်ကြရသည်။

“အဲဒီ ထောင်ချောက်က လွတ်လာလို့ ကျနော် ဝမ်းသာသလို ခံစားရပေမယ့် တကယ်က လူတိုင်းလူတိုင်း အိမ်ပြန်ချင်ကြတယ်” ဟု အသက် ၂၄ နှစ်အရွယ် အခြား အိန္ဒိယနိုင်ငံသားတဦးက ယာယီ ဖမ်းဆီးထိန်းသိမ်းရေး စခန်းအတွင်း လျှို့ဝှက်သွင်းထားသည့် ဖုန်းဖြင့် ခပ်တိုးတိုး ပြောသည်။ အစောင့်များသည် ၎င်းတို့၏ ဖုန်းများကို သိမ်းယူနေသောကြောင့် သူ၏ လုံခြုံရေးကို စိုးရိမ်ပြီး အမည်ကို ထုတ်ဖော်မပြောရန် မေတ္တာရပ်ခံသည်။

လွန်ခဲ့သောအပတ်တွင် အိမ်ပြန်လိုသော တရုတ်နိုင်ငံသားများနှင့် ၎င်းတို့ကို စောင့်ကြပ်သည့် လုံခြုံရေးတပ်ဖွဲ့များအကြား ခိုက်ရန်ဖြစ်ပွားသည်ဟု ဖမ်းဆီးထိန်းသိမ်းခံရသူ နှစ်ဦးက AP သတင်းဌာနသို့ ပြောသည်။

မြန်မာအာဏာပိုင်များ ပေးသည့် အတည်မပြုနိုင်သော စာရင်းအရ ၎င်းတို့ ထိန်းသိမ်းထားသူများတွင် ဖိလစ်ပိုင်၊ ကင်ညာနှင့် ချက်သမ္မတနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ နိုင်ငံသားများ ပါဝင်သည်ဟု ပြောသည်။ နိုင်ငံခြားသားများကို ချက်ချင်း ပြန်မပို့နိုင်ပါက မြန်မာမှ နိုင်ငံခြားသားများ နယ်စပ်ဖြတ်ကျော်လာခြင်း ခွင့်ပြုမည် မဟုတ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသောကြောင့် အများအပြားသည် အလွန်ကြာမည့် သံရုံးများမှ အကူအညီကို စောင့်နေရသည်။

မြန်မာအာဏာပိုင်များ ပေးသည့် အတည်မပြုနိုင်သော စာရင်းအရ ၎င်းတို့ ထိန်းသိမ်းထားသူများတွင် ဖိလစ်ပိုင်၊ ကင်ညာနှင့် ချက်သမ္မတနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ နိုင်ငံသားများ ပါဝင်သည်ဟု ပြောသည်။ နိုင်ငံခြားသားများကို ချက်ချင်း ပြန်မပို့နိုင်ပါက မြန်မာမှ နိုင်ငံခြားသားများ နယ်စပ်ဖြတ်ကျော်လာခြင်း ခွင့်ပြုမည် မဟုတ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသောကြောင့် အများအပြားသည် အလွန်ကြာမည့် သံရုံးများမှ အကူအညီကို စောင့်နေရသည်။

တရုတ်နိုင်ငံသည် ၎င်း၏ နိုင်ငံသားများကို ခေါ်ဆောင်ရန် စင်းလုံးငှား လေယာဉ်တစင်းကို မဲဆောက်လေဆိပ်သို့ မတ်လ ၆ ရက်နေ့တွင် စေလွှတ်ခဲ့သော်လည်း အခြားအစိုးရ အနည်းငယ်သာ အလားတူ လုပ်ဆောင်ကြသည်။

ဒေါ်လာ ၆၀၀ တန် လေယာဉ်လက်မှတ်ဖိုး မရှိသောကြောင့် ထိုင်းလေတပ်စခန်းတခုတွင် ပိတ်မိ စောင့်ဆိုင်းနေသည့် အီသီယိုးပီးယားနိုင်ငံသား ၁၃၀ ခန့် ရှိသည်။ အင်ဒိုနီးရှားနိုင်ငံသား ဒါဇင်ပေါင်းများစွာကို လွန်ခဲ့သောအပတ် နံနက်ခင်းတခုတွင် ဘတ်စ်ကားများဖြင့် ခေါ်ထုတ်လာပြီး လေကြောင်းခရီးဖြင့် အိမ်ပြန်ရန် ဘန်ကောက်သို့ ပို့ပေးသည်။ ထိုအင်ဒိုနီးရှား နိုင်ငံသားများသည် ၎င်းတို့ပိုင်ဆိုင်မှု အနည်းငယ်ဖြင့် ခရီးဆောင်သေတ္တာများကို တွန်းပြီး ပလတ်စတစ်အိတ်များကို သယ်ဆောင်ကာ ထွက်လာကြသည်။

ထိုင်းအရာရှိများသည် ယခုအပတ်အတွင်း ပြည်ပသံရုံးများမှ ကိုယ်စားလှယ်များနှင့် အစည်းအဝေးတခု ကျင်းပပြီး ပိတ်မိနေသော ၎င်းတို့နိုင်ငံသားများကို ကယ်ဆယ်ခွင့်ပြုရန် အမြန်ဆုံး လုပ်မည်ဖြစ်ကြောင်း ကတိပြုသည်။

သို့သော် ထိုင်းနိုင်ငံသည် တနင်္လာနေ့မှ သောကြာနေ့အတွင်း တနေ့လျှင် လူ ၃၀၀ ဦးကိုသာ ကိုင်တွယ်စီမံနိုင်ကြောင်း ပြောသောကြောင့် ယခင်က ပြောထားသည့် လူ ၅၀၀ အရေအတွက်ထက် လျော့နည်းသွားသည်။ သံရုံးဝန်ထမ်းများကို နယ်စပ်ဖြတ်ကျော်ပြီး မြန်မာသို့ သွားခွင့်ပေးမည်ဟုလည်း ထိုင်းနိုင်ငံက ပြောသည်။

“ဒီကိစ္စကို ဝန်ကြီးဌာနက အရမ်းအလေးထားပြီး ဖျားနာနေတဲ့လူတွေ ရှိတယ်၊ သူတို့ကို ပြန်ပို့ရမယ် ဆိုတာကိုလည်း သိတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နီကွန်ဒက်ဂျ် ဘလန်ကူရာက မတ်လ ၆ ရက်နေ့တွင် ပြောသည်။

ခြံဝင်းအတွင်းမှ လူများကို ပြန်လွှတ်ပေးသော်လည်း တရားစွဲဆိုခြင်း၊ ခြံဝင်းများ ပိတ်သိမ်းခြင်း လုံးဝမရှိ/AFP
ဘန်ကောက်မှ အိန္ဒိယသံရုံးကို မှတ်ချက်တောင်းသော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။ ထိုသို့ ပြန်ပို့မည့်သူများတွင် ချက်သမ္မတနိုင်ငံသားတဦး ပါဝင်သည်ကို အတည်မပြုနိုင်သေးကြောင်း ချက်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။ ထိုပြဿနာနှင့် ပတ်သက်ပြီး ဘန်ကောက်နှင့် ရန်ကုန်မှ သံရုံးများနှင့် ဆက်သွယ်နေကြောင်း ထိုသံရုံးများကို အကူအညီတောင်းခံမှု မရသေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

လွှတ်ပေးလိုက်သည့် အလုပ်သမားများအားလုံး မည်သည့်အတွက် မလွတ်မြောက်သည်ကို ကမ္ဘာက နားလည်ရန် ခက်ခဲနေကြောင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် Acts of Mercy International မှ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ မစ္စ အေမီ မေလာက ပြောသည်။

“နယ်စပ်မှာရပ်လိုက်ရင် လူတွေ အဲဒီခြံဝင်းတွေထဲမှာ၊ လသာဆောင်မှာ ရှိနေတာ မျက်စိနဲ့တပ်အပ် မြင်နေရတယ်။ ဒါပေမယ့် ကျမတို့ သူတို့ဆီ သွားလို့မရဘူး” ဟု ၎င်းကပြောသည်။

ခဏတာမျှ စကားရပ်လိုက်ပြီး ချစ်ကြည်ရေးတံတားဘက် ပြင်တင်းပေါက်သို့သွားကာ ဘလောက်အနည်းငယ်သာ ဝေးသော မြန်မာဘက်ကို လှမ်းပြသည်။ “လူတွေ နားမလည်နိုင်တာက အခြားနိုင်ငံတခုကို ဝင်ရာက်တယ်ဆိုတာ စစ်မက်ပြုတာဖြစ်တယ် ဆိုတာပဲလို့ ကျမ ထင်တယ်။ ဒီတိုင်းဝင်သွားပြီး အဲဒီလူတွေကို သွားခေါ်ထုတ်လို့ မရဘူး” ဟု ၎င်းက ပြောသည်။

နယ်စပ်တွင် ထိုလုပ်ငန်းကို ကူညီရန် အထူးသဖြင့် ရင်းမြစ်နည်းသည့် နိုင်ငံများအတွက် ကူညီနေသည်မှာ ရန်ပုံငွေ လွန်စွာ အကန့်အသတ်ရှိသော အဖွဲ့အစည်းငယ် လက်တဆုပ်စာသာ ဖြစ်သည်။

မဲဆောက်မှ ခမ်းခမ်းနားနား မရှိသော အိမ်တလုံးတွင် မစ္စ မေလာ၏ အဖွဲ့အစည်းသည် လွတ်မြောက်လာသူများ၊ မြစ်ကို ဖြတ်ကူလားနိုင်သည့် ရှင်ကျန်သူများကို သက်သောင့်သက်သာရှိသော ခုတင်များ၊ သန့်ရှင်းသော ရေနှင့်အစားအစာ၊ မိသားစုကို ဆက်သွယ်ရန် ဖုန်းများဖြင့် လက်ခံနေသည်။ ယနေ့တွင် ယခင်က မကြုံဖူးသည့် အရေအတွက်သည် မြစ်တဖက်ကမ်းတွင် ရနိုင်သည့် အကူအညီကို မနိုင်မနင်းဖြစ်စေကြောင်း ၎င်းကပြောသည်။

မကြာသေးမီတွင် အမေရိကန် ပြည်ထောင်စုက ပြည်ပအကူအညီ ရန်ပုံငွေများ ရုတ်တရက် ရပ်တန့်လိုက်ခြင်းသည် ငွေလိမ်ဂိုဏ်းများမှ အလုပ်သမားများကို ကူညီရေးအတွက် ပိုမိုခက်ခဲလာသည်။

“ထောင်နဲ့ချီတဲ့ အရေအတွက်တွေကို ကျမတို့ တွေ့လာရတော့ သူတို့ကို ထိုင်းကို ပို့ဖို့၊ စိစစ်ဖို့နဲ့၊ လက်ခံကျွေးမွေးဖို့ဆိုတာဟာ အစိုးရအများစုအတွက် မဖြစ်နိုင်ဘူး” ဟု မစ္စ မေလာက ပြောသည်။ “ဒါဟာ တကယ့်ကို တကမ္ဘာလုံးက တုံ့ပြန်ဆောင်ရွက်ဖို့ လိုအပ်တဲ့ ကိစ္စဖြစ်တယ်” ဟု ၎င်းကပြောသည်။ မကြာသေးမီတွင် အမေရိကန် ပြည်ထောင်စုက ပြည်ပအကူအညီ ရန်ပုံငွေများ ရုတ်တရက် ရပ်တန့်လိုက်ခြင်းသည် ငွေလိမ်ဂိုဏ်းများမှ အလုပ်သမားများကို ကူညီရေးအတွက် ပိုမိုခက်ခဲလာကြောင်း ၎င်းကပြောသည်။

ဥပမာအားဖြင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) သည် ငွေလိမ်ခြံဝန်းများသို့ လူကုန်ကူးခံရသူများကို စောင့်ရှောက်မှုအတွက် ကမ္ဘောဒီးယားမှ ဂေဟာတခုတွင် ယခင်က ရန်ပုံငွေ ထောက်ပံ့သော်လည်း ထရမ့်အစိုးရက ဇန်နဝါရီလတွင် ငွေကြေးထောက်ပံ့မှု ဆိုင်းငံ့ကြောင်း ကြေညာခြင်းကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည်ဟု ထိုအခြေအနေကို တိုက်ရိုက်သိသူတဦး၏ အဆိုအရသိရသည်။

ရန်ပုံငွေ ရပ်ဆိုင်းခြင်းသည် ထိုင်းတွင် လူကုန်ကူးမှု ရပ်တန့်စေရန်နှင့် လွတ်မြောက်လာသူများကို ကယ်ဆယ်ရန် လူမှုအခြေပြုအဖွဲ့အစည်းများ၏ ကွန်ရက်တခုကိုလည်း ထိခိုက်စေသည်။

“အကူအညီလိုတဲ့လူတွေ ဒီလောက်တောင် မတန်တဆများနေတာကို တွေ့ရတာ ကြေကွဲစရာပဲ” ဟု IOM ၏ ထိုင်းနိုင်ငံဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးဌာန အကြီးအကဲ စက်ကီယာကော့က ပြောသည်။

အမေရိကန်အရာရှိများကလည်း ဖိအားများသည့် အကျပ်အတည်းကို ကြေညာချက်တစောင်တွင် ဝန်ခံသည်။

“အမေရိကန် ပြည်ထောင်စုသည် အမေရိကန် ထောင်ပေါင်းများစွာနှင့် အခြားနိုင်ငံအများအပြားမှ လူပုဂ္ဂိုလ်များကို ထိခိုက်စေသည့် အရှေ့တောင်အာရှတခွင်မှ အွန်လိုင်းငွေလိမ်ဂိုဏ်များနှင့် ပတ်သက်ပြီး အထူး စိုးရိမ်ပူပန်လျက်ရှိသည်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတဦးက AP သို့ ပေးပို့သည့် ကြေညာချက်တွင် ဖော်ပြသည်။

တရုတ်နိုင်ငံသားများအား တရုတ်အစိုးရက လေယာဉ်ဖြင့် မဲဆောက်ကတဆင့် ပြန်ခေါ်သည်/AFP
ခေတ်သစ် ကျေးကျွန်စနစ်အောက်တွင် လူ သန်း ၅၀ ခန့် နေထိုင်ရသည်ဟု တက်ကြွလှုပ်ရှားသူများ ခန့်မှန်းသော်လည်း ထိုကျွန်ပြုခံ အလုပ်သမားများကို အလုံးအရင်း ကယ်ဆယ်မှု လွန်စွာရှားသည်။ ၂၀၁၅ ခုနှစ်တွင် ငါးဖမ်းလုပ်သား ၂,၀၀၀ ကျော်ကို ပင်လယ်ပြင်မှ ရက်စက်ကြမ်းကြုတ်သော အခြေအနေမှ ကယ်ဆယ်ရပြီး ၎င်းတို့၏ ဆိုးရွားသော ကံကြမ္မာကို AP သတင်းဌာက စုံစမ်းထောက်လှမ်း ဖော်ပြသောအခါမှ လွတ်မြောက်ကြသည်။

ထိုနှစ်တွင်ပင် အိန္ဒိယနိုင်ငံသား ရာပေါင်းများစွာကို အိန္ဒိယ အုတ်စက်ရုံများမှ ကယ်ဆယ်ရသည်။ ထို့နောက် လွန်ခဲ့သောနှစ်တွင် ဘရာဇီး တရားစွဲရှေ့နေများသည် ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း လျှပ်စစ်မော်တော်ယာဉ် စက်ရုံတည်ဆောက်ရေးတွင် ကျွန်သဖွယ် အခြေအနေဖြင့် အလုပ်လုပ်နေရသည့် တရုတ်နိုင်ငံသား ၁၆၃ ဦးကို ကယ်ဆယ်ရသည်။

“ထိုင်း-မြန်မာ နယ်စပ်မှာ ကျနော်တို့ အခုတွေ့နေရတာတွေက လူထောင်ပေါင်းများစွာကို ဘဝပျက်စေတဲ့ လူကုန်ကူးမှု အကျပ်အတည်းကို နှစ်ပေါင်းများစွာ အရေးမယူခြင်းရဲ့ ရလဒ်ပဲ။ အဲဒီ လူအများအပြားဟာ ရိုးရှင်းစွာပဲ ပိုမိုကောင်းမွန်တဲ့ စီးပွားရေး အလားအလာကို ရှာဖွေပေမယ့် ဒီခြံဝင်းတွေဆီကို အလိမ်အညာနဲ့ ဖြားယောင်းခံရတယ်”

“ထိုင်း-မြန်မာ နယ်စပ်မှာ ကျနော်တို့ အခုတွေ့နေရတာတွေက လူထောင်ပေါင်းများစွာကို ဘဝပျက်စေတဲ့ လူကုန်ကူးမှု အကျပ်အတည်းကို နှစ်ပေါင်းများစွာ အရေးမယူခြင်းရဲ့ ရလဒ်ပဲ။ အဲဒီ လူအများအပြားဟာ ရိုးရှင်းစွာပဲ ပိုမိုကောင်းမွန်တဲ့ စီးပွားရေး အလားအလာကို ရှာဖွေပေမယ့် ဒီခြံဝင်းတွေဆီကို အလိမ်အညာနဲ့ ဖြားယောင်းခံရတယ်” ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) မှ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုး ဖရီးမင်းက ပြောသည်။

အကြမ်းဖက် ခြိမ်းခြောက်မှုအောက်တွင် ရာဇဝတ်မှုတခုကို ကျူးလွန်ရခြင်းကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်သင့်ကြောင်း ဖရီးမင်းက ပြောသည်။ “ဒါပေမယ့် ယေဘုယျအားဖြင့် ကျနော်တို့ တွေ့နေရတာက ဒေသတွင်းက နိုင်ငံတွေဟာ ငွေလိမ်ခြံဝင်းက ပြန်ပို့ခံရတဲ့ သူတို့နိုင်ငံသားတွေကို ရာဇဝတ်မှုနဲ့ တရားစွဲနေကြတယ်” ဟု ၎င်းကပြောသည်။

ထိုသို့ ပြန်လွှတ်ပေးခြင်းသည် ငွေလိမ်လုပ်ငန်းများကို စီမံအုပ်ချုပ်သည့် ရာဇဝတ်အုပ်စုများကို မည်မျှ သက်ရောက်မှုရှိသည်ကို ရှင်းလင်းစွာ မသိရပေ။

ဖေဖော်ဝါရီလတွင် တတိယအကြိမ်မြောက်အဖြစ် ထိုင်းက မြစ်တဖက်ကမ်းမှ မြို့များကို အင်တာနက်နှင့် လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်ကြသည်။ ထိုသို့ ဖြတ်တောက်သည့်အခါတိုင်း ထိုခြံဝင်းများသည် ဖြတ်တောက်မှုများကို ကျော်လွှား လုပ်ကိုင်နိုင်ကြသည်။

ထိုခြံဝင်းကြီးများသည် ဒီဇယ်မီးစက်များ အသုံးပြုနိုင်သလို အင်တာနက် ဝန်ဆောင်မှုပေးသည့်လုပ်ငန်း Starlink ကိုလည်း အသုံးပြုနိုင်ကြောင်း တရားဥပဒေစိုးမိုးရေး ဌာနများနှင့် လုပ်ကိုင်နေသည့် ကျွမ်းကျင်သူများက ပြောသည်။

ကယ်ထုတ်လာသူများအား ကရင်နယ်ခြားစောင့်တပ်သားတဦး စောင့်ကြပ်နေစဉ်/AFP
“အဲဒီရင်းမြစ်တွေက အခု သူတို့မှာ မရှိတဲ့ ရင်းမြစ်တွေ မဟုတ်ဘူး၊ အရင်ကတည်းက တောင့်ခံနိုင်ကြတယ်” ဟု ထိုဒေသတွင်းမှ UNODC ခေတ္တကိုယ်စားလှယ် ဘီနီဒစ် ဟော့ဖ်မင်းက ပြောသည်။

ထိုခြံဝင်းများကို ဖြိုခွဲနေသည့် လက်နက်ကိုင်အုပ်စုများသည် မြဝတီတွင် အဆိုပါ ငွေလိမ်ခြံဝင်းများကို ကူညီနေသည်ဟု စွပ်စွဲခံထားရသည်။ ကရင်နယ်ခြားစောင့်တပ် BGF တပ်မှူး စောချစ်သူကို ထိုငွေလိမ်ခြံဝင်းများမှ အကျိုးအမြတ်ရယူမှုနှင့် လူကုန်ကူးမှုအတွက် ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က အသီးသီး အရေးယူပိတ်ဆို့ထားသည်။

DKBA ထိန်းချုပ်သည့် ဒေသများမှ ခြံဝန်းများကို အများသိအောင် မှတ်တမ်းတင်ထားမှု နည်းပြီး ၎င်းတို့သည် တစုံတရာသော အတိုင်းအတာအထိ ထိန်းချုပ်ထားကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

“နယ်ခြားစောင့်တပ် BGF တွေအနေနဲ့ အရေးယူဖို့ အရမ်း ဖိအားပေးခံရကြောင်းနဲ့ လူတွေထွက်ခွင့်ပေးဖို့ဟာ လက်တွေ့အကျဆုံး နည်းလမ်းဖြစ်ကြောင်း ထင်ရှားတယ်။ ဒါပေမယ့် သူတို့က လုပ်ငန်းပုံစံကို ချိန်ညှိပြီး ပါဝင်ပတ်သက်သူ အရေအတွက် လျှော့ချသလို အာရုံစိုက်မှုနည်းစေတဲ့ အသေးစားလုပ်ငန်းတွေက ဆက်လုပ်တယ်”

“နယ်ခြားစောင့်တပ် BGF တွေအနေနဲ့ အရေးယူဖို့ အရမ်း ဖိအားပေးခံရကြောင်းနဲ့ လူတွေထွက်ခွင့်ပေးဖို့ဟာ လက်တွေ့အကျဆုံး နည်းလမ်းဖြစ်ကြောင်း ထင်ရှားတယ်။ ဒါပေမယ့် သူတို့က လုပ်ငန်းပုံစံကို ချိန်ညှိပြီး ပါဝင်ပတ်သက်သူ အရေအတွက် လျှော့ချသလို အာရုံစိုက်မှုနည်းစေတဲ့ အသေးစားလုပ်ငန်းတွေက ဆက်လုပ်တယ်” ဟု ဟော့ဖ်မင်းက ပြောသည်။

ထိုခြံဝင်းများကို အမှန်တကယ် ပိတ်ပင်ရန် နယ်ပယ်ပေါင်းစုံမှ ဖိအား တပြိုင်နက်ပေးရမည်ဟုလည်း ဟော့ဖ်မင်းက ပြောသည်။

ယခု ဖြိုခွဲမှုတွင် မည်သည့်အရေးပါသော တရားစွဲဆိုမှု သို့မဟုတ် ခြံဝင်းပိတ်ပင်မှုမှ မရှိပေ။

“ဒါ ဘာသက်ရောက်မှုမှ မရှိဘူး” ဟု စခန်းတခုမှ လွတ်မြောက်ပြီး အခြားစခန်းတခုတွင် ပြန်လည် ထိန်းသိမ်းခံရသူ အသက် ၂၃ နှစ်အရွယ် ပါကစ္စတန် နိုင်ငံသားက ပြောသည်။ ထိုလုပ်ငန်းပိုင်ရှင် သူဌေးများသည် ၎င်းတို့၏ အကျိုးအမြတ်လုပ်ငန်းများ လည်ပတ်ရေးအတွက် အရာရာကို ဝယ်နိုင်ကြောင်း၊ အခြေအနေသည် ပိုမိုဆိုးရွားလာကြောင်း ၎င်းကပြောသည်။

“ကျနော့် မိတ်ဆွေတွေက အခြေအနေ အရမ်းဆိုးနေတယ်။ ကျနော်တို့ ဒီမှာ ဆက်လက် မရှင်သန်နိုင်တော့ဘူး” ဟု ၎င်းတို့ကို စောင့်ကြပ်နေသူများ လက်စားချေမည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသူတဦးက ပြောသည်။ သူ့ကို နေ့စဉ်၊ ညစဉ်၊ အပတ်စဉ် မေးနေသော ခြောက်လှန့်နေသည့် မေးခွန်းမှာ “ငါတို့ကို ကူညီဖို့ လာမယ့်သူ ရှိလား” ဆိုသည့် မေးခွန်းဖြစ်သည်ဟု ၎င်းကပြောသည်။

Mizzima TV

2025.3.8 ပဋိပက္ခတွင်း အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုသည် စစ်ရာဇဝတ်မှုဟု အမျိုးသမီးအဖွဲ့ ၂၅ ဖွဲ့ ထုတ်ပြန်
မဇ္ဈိမ။ ။ ပဋိပက္ခကာလအတွင်း အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျူးလွန်မှုများသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂ( BWU) အပါအဝင် အဖွဲ့အစည်း ၂၅ ခုက ယနေ့ မတ်လ ၈ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ တွင် ထုတ်ပြန်သည်။
“Conflict-related sexual violence (ပဋိပက္ခတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု) က နိုင်ငံတကာဥပဒေအရဆိုရင် စစ်ရာဇဝတ်မှုမြောက်တယ်။ နိုင်ငံတကာ ဥပဒေကို တိုက်ရိုက်ချိုးဖောက်တဲ့ဟာဖြစ်တယ်။ ပြီးတော့ ပဋိပက္ခဖြစ်နေတဲ့ချိန်အတွင်းမှာ စစ်ရေးအရအရေးသာဖို့၊ စစ်ရေးအရ အကျိုးရှိဖို့အတွက် လိင်အကြမ်းဖက်မှုကို လက်နက်တခုအနေနဲ့ အသုံးပြုနေလို့ဖြစ်တယ်” ဟု Sisters 2 Sisters အဖွဲ့မှ မနှင်းသက်မှူးခင်က ပြောသည်။
ယင်းအပြင် အမျိုးသမီးများအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်း၊ထိခိုက်နစ်နာစေသော ရိုးရာဓလေ့ထုံးစံများနှင့် နည်းပညာအရ အကြမ်းဖက်ခြင်း စသည့် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်းများသည် သည်းခံခွင့်လွှတ်၍ မရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်ကြောင်းလည်း ဆိုသည်။
စစ်ကောင်စီ၏ ကျူးလွန်မှုများကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းမရှိအောင် အလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး တော်လှန်ရေးလုပ်ဆောင်နေသူအချို့သည်လည်းတော်လှန်ရေးသွေးစည်းမှုအကြောင်းပြ၊ ချစ်ခြင်းမေတ္တာအကြောင်းပြ၊ လုပ်ပိုင်ခွင့်၊ အသက်အရွယ်၊ လူမှုရေးပါဝါ၊ အာဏာ နှင့် ယုံကြည်မှုကို အလွဲသုံးစားလုပ်ကာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ စော်ကားနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှုကျူးလွန်နေခြင်းသည် တော်လှန်ရေးကို ယုံကြည်မှုအခြေခံဖြင့် ပါဝင်နေသော အမျိုးသမီးများ၏ လုံခြုံရေးကို ထိခိုက်စေကြောင်း အဖွဲ့အစည်း ၂၅ ခုက ထုတ်ပြန်သည်။
ထို့အပြင် အကြမ်းဖက်ခံရမှုကို ထုတ်ဖော်ပြောဆိုသူများနှင့် လိုက်ပါကူညီဆောင်ရွက်နေသူများကို ပစ်မှတ်ထားခြိမ်းခြောက်မှုများကိုလည်း ချက်ချင်းရပ်တန့်ရန် ၎င်းတို့က သတိပေးထားသည်။ မည်ကဲ့သို့သော ခြိမ်းခြောက်မှုများဖြစ်သည်ကိုမူ အသေးစိတ် ဖော်ပြထားခြင်းမရှိပေ။
အမျိုးသမီးများအား အကြမ်းဖက်မှု ကျူးလွန်သူများကို တရားဥပဒေလမ်းကြောင်းအရ ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် မရှိစေရေးအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန် စဉ်ဆက်မပြတ် စောင့်ကြည့်တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဆိုသည်။
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ စော်ကားနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှု ကျူးလွန်သူများသည် အပြစ်ဝန်မခံမခြင်း၊ စိတ်ရင်းနှင့် တောင်းပန်မှု မပြုမခြင်း သို့မဟုတ် ဝန်ခံတောင်းပန်ပြီးနောက်တွင်လည်း တူညီသောကျူးလွန်မှု ထပ်ခါထပ်ခါ ကျူးလွန်ပြီး ဥပဒေအရ ပြစ်ဒဏ်ခံယူနိုင်ရန် စိန်ခေါ်မှုရှိပါက ကျူးလွန်ခံရသူအမျိုးသမီးများအတွက် တရားမျှတမှုကို မိမိတို့ တာဝန်သိစိတ်ဖြင့် ဖော်ဆောင်ပေးရန်နှင့် လူ့အသိုင်းအဝိုင်းတွင်လည်း လူမှုရေးပြစ်ဒဏ်ပေးသည့်အနေဖြင့် ထိုသူများနှင့် လုပ်ငန်းအတူတွဲလုပ်ခြင်း၊ နေရာပေးခြင်း, ဆက်သွယ်ဆက်ဆံခြင်း၊ အသိအမှတ်ပြုခြင်း လုံးဝ မလုပ်ကြရန်လည်း တိုက်တွန်းထားသည်။
ယခုထုတ်ပြန်ချက်အတွင်းတွင် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေသည့်အဖွဲ့အစည်းများဖြစ်ကြသည့် Women’s League of Burma၊ Burmese Women’s Union၊ Sisters 2 Sisters၊ Women’s Organization of Political Prisoners၊ Voice of Kachin Women စသည့် အဖွဲ့အစည်း ၂၅ ခု ပူးပေါင်းထုတ်ပြန်ထားသည်။

2025.3.8 မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်သည့် ပြည်ပနိုင်ငံသားဦးရေ ၂၅၀ ထပ်မံထိန်းသိမ်းခဲ့ပြီး မတ် ၇ ရက်အထိ ထိန်းသိမ်းခဲ့သူစုစုပေါင်း ၄၅၉၂ ဦးရှိ
မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်သည့် ပြည်ပနိုင်ငံသားဦးရေ ၂၅၀ ထပ်မံထိန်းသိမ်းခဲ့ပြီး မတ် ၇ ရက်အထိ ထိန်းသိမ်းခဲ့သူစုစုပေါင်း ၄၅၉၂ ဦးရှိကြောင်း သိရသည်။
မြန်မာ – တရုတ် – ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်း အသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းလျက်ရှိရာ ကရင်ပြည်နယ် မြဝတီမြို့ – ရွှေကုက္ကိုလ်၊ မယ်ထော်သလေးနှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၄၅၈ ဦးကို မတ် ၇ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ပြီး ပြည်ပနိုင်ငံသား ၂၅၀ ကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ရာတွင် မတ် ၇ ရက်က တရုတ်နိုင်ငံသား ၄၅၆ ဦးကို မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားနှင့် ထိုင်းနိုင်ငံသားနှစ်ဦးကို မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားတို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံ၍ ပြည်နှင်လွှဲပြောင်းပေးရာ အဆိုပါလွှဲပြောင်းပေးအပ်ပွဲသို့ ကရင်ပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် ထိုင်းနိုင်ငံတာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံမှ ကိုယ်စားလှယ်များထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ မတ် ၇ ရက်က မြဝတီမြို့-ရွှေကုက္ကိုလ်နယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၅၀ ကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ မတ် ၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၄၅၉၂ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၁၆၇၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၉၂၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

2025.3.8 မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ တို့တွင် တစ်ပတ်အတွင်း အမျိုးသမီး လေးဦး သတ်ဖြတ်ခံရ
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ တို့တွင် တစ်ပတ်အတွင်း အမျိုးသမီး လေးဦး သတ်ဖြတ်ခံရကြောင်း မှတ်တမ်းများအရ သိရသည်။
ယင်းအမှု လေးမှု အနက် မြစ်ကြီးနားမြို့ပေါ်ရှိ နှစ်မှုမှာ ရန်ဖြစ်စကားများရာမှ သတ်ဖြတ်ခံရခြင်း ဖြစ်သည်။
မတ်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဝိုင်းမော်မြို့ ၊အမှတ် ၅ ရပ်ကွက်ကဓါးဒဏ်ရာ ငါးချက်ဖြင့် သေဆုံးမှုနှင့် မတ်လ ၄ ရက် မြစ်ကြီးနားမြို့ ၊အင်ဂျန်ဒုံရပ်ကွက် ၊အမှိုက်ပုံတွင်လည်ပင်း၊ခြေထောက်တို့တွင် ကြိုးတုပ်ကာ ပလပ်စတစ် အိပ်များဖြင့် ထုတ်လျက် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် ၄၅ နှစ်အရွယ်အမည်မသိ အမျိုးသမီးတစ်ဦးတို့၏ အမှုမှာ မည်သူ ကျူးလွန်ခဲ့သည်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။
မြစ်ကြီးနားမြို့က အထက်တန်းရှေ့နေ့တစ်ဦးက ” သေမှုသေခင်း အဖြစ်များလာတာ ၊ လူသတ်မှုတွေများလာတာကတော့ တရားဥပဒေ စိုးမိုးမှု လျှော့နည်းလာလို့ပါပဲ။ အရင်နှစ်တွေမှာလည်း ဖြစ်ခဲ့တယ်။အခု ၂၀၂၄ ခုနှစ် နောက်ပိုင်းကျတော့ ခပ်စိပ်စိပ် ဖြစ်လာတယ်။ မြစ်ကြီးနားမှာ ညမှောင်ရင် အမျိုးသမီး တစ်ဦးထဲ အပြင်ထွက်ဖို့မသင့်တဲ့ အခြေအနေ ဖြစ်နေတယ်”ဟု ဆိုသည်။
မြစ်ကြီးနားမြို့တွင် ၊မြို့ပေါ်ရပ်ကွက် အချို့နှင့် မြို့ပြင် ရပ်ကွက် များတွင် နေ့ခင်းပိုင်း ၌ပင် မူးယစ်ဆေးဝါးပေါ်ပေါ်ထင်ထင် ရောင်းဝယ်မှုများ ဖြစ်နေပြီး လုယက်မှုမှ သတ်ဖြတ်မှုတွေ အထိလည်း ဖြစ်ပေါ်နေကြောင်း မြို့ခံများ က ဆိုသည်။
မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်မှာ လုယက်မှုကို ကိုယ်တွေ့မြင်ရသည့် လက်သမား ဆရာတစ်ဦးက” ပေါ်တင်ပဲ လမ်းပိတ်ပြီး လုသွားတာ။ ဓါးမြှောင်လောက်တော့ ပါမှာပေါ့။ မိန်းကလေ ကြောက်လို့ ငိုပြီး ကျန်ရစ်တယ်။ လူအုပ်များတော့ ကျနော်တို့လည်း သွားမပြောရဲဘူး။ အိမ်တွေမှာ လူမရှိရင် ရေမော်တာ စက်တွေ ပျောက်။ပစ္စည်းတွေ ပျောက်က ရပ်ကွက်တိုင်း ဖြစ်နေတာ”ဟု ဆိုသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဝိုင်းမော်မြို့၊စန်းကားကျေးရွာမှ အသက် ၁၅ နှစ်အရွယ် မောင်ကံချားကိုနောက်ပြန်ကြိုးတုပ်ကာ ရေတွင်းထဲ ပစ်ချထားသည်ကို သေဆုံးသည့် ဖြစ်စဉ်၊ ဖေဖော်ဝါရီ ၁၇ ရက်က မြစ်ကြီးနားမြို့၊
ကွန်ပျူတာ ဓါးခုတ်လုယက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်၊ ဖေဖော်ဝါရီ ၁၄ ရက်မှာ ပေါ်ဦးရပ်ကွက်မှာ ဓါးထိုးခံရတဲ့ဖြစ်စဉ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဂျပန်တံတား အမှိုက်ပုံမှာ လူငယ်တစ်ဦး သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
၂၀၂၃နှင့် ၂၀၂၄ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် ဖားကန့်၊မိုးညှင်း၊ဝိုင်းမော်၊ဗန်းမော် မြို့များတွင် ဓါးပြတိုက်မှုများ ဖြစ်ပွားခဲ့ပြီးဖားကန့်ဒေသတွင် ရွှေဆိုင် ဓါးပြတိုက်မှု ငါးမှုထက် မနည်းဖြစ်ပွားခဲ့သည်။
မြစ်ကြီးနားမြို့တွင် လုယက်မှုများဖြစ်ပေါ်ခဲ့ရာတွင် လုယက်ခံရသူများက ရဲစခန်းတွင် တိုင်ကြားမှု များ မရှိခြင်း ၊ ဒေသခံများက ဝိုင်းဝန်းကူညီမှု့အားနည်းခြင်း၊ ရဲတပ်ဖွဲ့အင်အား နည်းခြင်း၊နယ်မြေဒေသ အေးချမ်းမှု့ မရှိခြင်းများမှာ လုယက်များကို အာပေးသကဲ့သို့ဖြစ်နေကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက ဆိုသည်။

ယနေ့ မွန်းလွဲပိုင်းက မြဝတီ ကျားဖြန့်လုပ်ငန်းများမှ တရုတ်နိုင်ငံသားများကို အမှတ် ၂ ချစ်ကြည်ရေးတံတားမှတဆင့် မဲဆောက်ဘက် ပို့ဆောင်စဉ်/ The Reporters
2025.3.6 မြဝတီ ကျားဖြန့်မှ တရုတ်နိုင်ငံသား ၁၄၀၀ ကျော် BGF ထပ်လွှဲမည်
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း( ကျားဖြန့်) များမှ ခေါ်ထုတ်ထိန်းသိမ်းထားသော နိုင်ငံခြားသားများအနက် တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို ယနေ့မှစ၍ မဲဆောက်ဘက်သို့ ထပ်မံလွှဲပေးသွားမည်ဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF )ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။
ပြီးခဲ့သော ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ BGF ထိန်းချုပ်ရာ ရွှေကုက္ကို၊ မြဝတီနှင့် မယ်ထော်သလေးဒေသတို့ရှိ ကျားဖြန့်လုပ်ငန်းများမှ ခေါ်ယူထိန်းသိမ်းထားသော တရုတ်နိုင်ငံသား ၅၀၀၀ ကျော်အနက် ၆၂၁ ဦးကို ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၁ရက် နှင့် ၂၂ ရက်တို့တွင်ဆက်တိုက်လွှဲပြောင်းပေးခဲ့ပြီးနောက် တရုတ်နိုင်ငံက ပြန်လည်ခေါ်ယူရေး အစီအစဉ်အား ဆိုင်းငံ့ထားခဲ့သည်။
ထိုအတောအတွင်း ထိန်းသိမ်းထားသော တရုတ်နိုင်ငံသားများထဲ ရောဂါအခံရှိ တရုတ်နိုင်ငံသားတဦးသေဆုံးခဲ့သလို အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း ၊ BGF လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရန်ရှာခြင်းတို့ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ထို့ကြောင့် BGF က ထိန်းသိမ်းထားသည့်တရုတ်နိုင်ငံသားများ ပြန်လည်ခေါ်ယူရန် တောင်းဆိုရာ ကျန်ရှိသော ၄၈၆၀ ဦးအနက် ၁၄၃၉ ဦးကို မတ်လ ၆ရက်မှစ၍ ၄ ရက်ဆက်တိုက် တရုတ်သို့ ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အား ထိုင်း-မြန်မာနယ်စပ် ဖြတ်ကျော် အမှတ် ၂ တံတားမှ မဲဆောက်မြို့သို့ လွှဲပြောင်းပေးပြီး မဲဆောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရက် လေယာဥ် ၆ ကြိမ်ပြေးဆွဲကာ တကြိမ်လျှင် ၇၆ ဦးစီခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများမှ ခေါ်ထုတ် ထိန်းသိမ်းထားသော နိုင်ငံခြားများအနက် ယနေ့ပြန်ပို့မည့် တရုတ်နိုင်ငံသားများ အပါအဝင် တရုတ်၊ အင်ဒိုနီးရှား၊ ထိုင်း စသောနိုင်ငံသား ၁၂၀၀ ခန့်ကို သက်ဆိုင်ရာနိုင်ငံများထံ BGF က လွှဲပြောင်းပေးထားသည်။
ကျန်ရှိသောနိုင်ငံပေါင်း ၂၉ နိုင်ငံမှ ထိန်းသိမ်းထားသည့် ၇၀၀၀ ကျော်ကို ဆက်လက်ပို့ဆောင်ရန် အချိန်ကြန့်ကြာ နေသောကြောင့် ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသားများ စစ်ဆေးခေါ်ထုတ် ထိန်းသိမ်းခြင်း လုပ်ငန်းစဥ်ကို လတ်တလော ရပ်ဆိုင်းထားကြောင်း သိရသည်။
BGF က ၎င်းတို့ထိန်းချုပ်နယ်မြေ၌ ကျားဖြန့်လုပ်ငန်းများ လုံးဝပပျောက်အောင် ရှင်းလင်းသွားမည်ဟု ပြောထားပြီး စစ်ဆင်ရေးကာလအတွင်း ကျားဖြန့်လုပ်ငန်းများ ရပ်ဆိုင်းထားရန် ပြောသော်လည်း ရွှေကုက္ကိုရှိ ကျားဖြန့်လုပ်ငန်းမှ မြန်မာနိုင်ငံသား တဦး ၊ မြဝတီမြို့ရှိ လုပ်ငန်းခွင်မှ မြန်မာနိုင်ငံသား တဦး နှင့် မယ်ထော်သလေးဒေသ ကျားဖြန့်လုပ်ငန်းမှ ထိုင်းနိုင်ငံသားတဦးတို့ကို ဧရာဝတီက မေးမြန်းရာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေရဆဲဖြစ်ကြောင်း ပြောသည်။

2025.3.6 ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်သည့် ကျပ် ၂၅ ဒသမ ၅၈ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၄၈၀၊ အလေးချိန် ၁၆၈ ကီလိုအား ပဲခူးနှင့် ရန်ကုန်တိုင်းတို့တွင် ဖမ်းဆီးရမိ
ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်သည့် ကျပ် ၂၅ ဒသမ ၅၈ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၄၈၀ တုံး၊ အလေးချိန် ၁၆၈ ကီလိုအား ပဲခူးနှင့် ရန်ကုန်တိုင်းတို့တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ တာမွေမြို့မရဲစခန်းမှ မူးယစ်တရားခံပြေး ဇော်မြတ်ထွန်းသည် ရှမ်းပြည်နယ်မှ ရန်ကုန်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်သွားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁ နာရီအချိန် ပဲခူးမြို့နယ်၊ ဘောနတ်ကြီးကျေးရွာအနီး၊ ရန်ကုန် – မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ်(၃၉)တွင် သတင်းရရှိထားသည့် ALPHARD ယာဉ်နှင့်အတူ နေမျိုးထက်အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ရန်ကုန် – မန္တလေး(အမြန်လမ်း)၊ မိုင်တိုင်အမှတ်(၃၉/၄)အနီးရှိ ယာဉ်ရပ်နားဝင်းတွင် ရပ်တန့်ထားသည့် ALPHARD မော်တော်ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၄၄၀ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဝမ်ဟိုင်းမှ ရန်ကုန်မြို့သို့ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုအား ကျပ်သိန်း ၁၀၅၀ ဖြင့် တာဝန်ခံသယ်ဆောင်ခဲ့သူ ဇော်မြတ်ထွန်း၊ ကျော်သူရစိုး၊ ကျော်သူဝင်း နှင့် စိုင်းအောင်သူရတင် တို့အား မင်္ဂလာဒုံမြို့နယ်တွင် WISH မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့၏ဖော်ထုတ်ချက်အရ ရန်ကုန်မှ မြဝတီသို့ ပို့ဆောင်မည့် အိုက်စ် ၂၆၀ ကီလိုနှင့် ဘိန်းဖြူ ဘလောက်တုံး ၁၆၈ ကီလိုအား လက်ခံထားရှိသူ အောင်ဇော်ဝင်းအား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ကုန်စည်ကားဝင်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ မိတ္ထီလာမှ အမြန်လမ်း(၃၉)မိုင်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ခဲ့သူ သူရိန်ထွန်း(ခ)သူရထွန်း အား ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တွင်လည်းကောင်း၊ မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ထက်နိုင်(ခ)ကိုကိုဝင်းသူ အား ရပ်စောက်မြို့တွင်လည်းကောင်း၊ ရဲမြင့်သိန်းအား အောင်ပန်းမြို့တွင်လည်းကောင်း၊ အမြန်လမ်း(၃၉)မိုင်မှ ရန်ကုန်မြို့၊ အမှတ်(၇)လမ်းမကြီးသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ပေးသူ ကိုကိုဝင်း အား ရေတာရှည်မြို့နယ်တွင် TOYOTA CROWN မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း၊ ရန်ကုန်မှ မြဝတီသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်သူ ရင်ပိုက်ဦး(ခ)ရန်ပိုင်(ခ)လွှမ်းပိုင်အား ပုသိမ်မြို့၌ လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် မူးယစ်ဆေးဝါးများသယ်ဆောင်ခဲ့သည့် Grand Tiger Double Cab ယာဉ်အား မိတ္ထီလာမြို့နယ်၊ အိုင့်ကျေးရွာတွင်လည်းကောင်း၊ TOYOTA HILUX SURF မော်တော်ယာဉ်အား မရမ်းကုန်းမြို့နယ်တွင်လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းကျပ် ၂၅ ဒသမ ၅၈ ဘီလျံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၀ ကီလိုနှင့် ဘိန်းဖြူဘလောက်တုံး ၄၀၀ တုံး၊ အလေးချိန် ၁၆၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

2025.3.4 ■ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရ ■မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာသည့် ယာဉ်မောင်းမှ ထွက်ပြေး
■ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရ
■မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာသည့် ယာဉ်မောင်းမှ ထွက်ပြေး
ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာသည့် ယာဉ်မောင်းမှ ထွက်ပြေးသွားကြောင်း ထိုင်းနိုင်ငံဘက်မှ လာသည့်သတင်းများအရ သိရသည်။
ထိုင်းနိုင်ငံ၊ကန်ချနာဘူရီခရိုင်အတွင်းသို့တရာမဝင်လမ်းကြောင်းမှဝင်လာသည်မြန်မာနိုင်ငံသား ၁၄ ဦးအားတင်ဆောင် လာသည့်ပစ်ကပ်ထရပ်ကားကိုထိုင်းတာဝန်ရှိသူများကမတ်လ ၃ ရက်နေ့ မနက် ၃ နာရီအချိန်တွင်စစ်ဆေးရာယာဉ်မောင်းဖြစ် သူမှာကားကိုစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
မြန်မာ နိုင်ငံသားများမှာပစ်ကပ်ကားအတွင်ပုန်းလျှိုးပြီးလိုက်လာခြင်း ဖြစ်ကြောင်းပစ်ကပ်ကားအား မသင်္ကာသဖြင့်စစ်ဆေးရန်တားဆီးစဉ် ယာဉ်မောင်းမှာကားကိုထားရစ်ပြီး တောအုပ်ထဲသို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံသားများအားစစ်ဆေးရာထိုင်းနိုင်ငံအတွင်းလာရောက်ရန် ပွဲစားအားလူတစ်ဦးကိုထိုင်းဘတ်ငွေ ၂၀၀၀၀ ပေးထားရကြောင်း တွက်ဆိုခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကန်ချနာဘူရီခရိုင်၊ ထောင်ဖာဖူးအုပ်ချုပ်ရေး၊စစ်သားများကပစ်ကပ်ကားနှင့် မြန်မာနိုင်ငံသား ၁၄ ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီးဥပဒေအတိုင်းဆောင်ရွက်နေကြောင်းသိရသည်။

评论

发表回复

您的邮箱地址不会被公开。 必填项已用 * 标注

More posts